Sunday, May 29, 2016

မိဘ​ကျေးဇူး

``ဟလို မေမေလား´´
``မဟုတ်ဘူး သားလေး ဘာပြောစရာရှိလို့လဲ´´
``အော် ဖေဖေလား ဖေဖေ မေမေ့ကို ခေါ်ပေးပါလား ပြောစရာရှိလို့´´
``အော် အေးအေး´´´
မီးဖိုထဲမှာ ပန်းကန်ဆေးနေတဲ့ သားအမေကို ခေါ်ပေးပြီး ကျုပ်လည်း ဖတ်လက်စသတင်းစာကို ဆက်ပြီး ဖတ်နေမိတယ်.........
သားနဲ့အမေ ဖုန်းပြောနေတာကို ကြည့်ရတာ ပျော်စရာသတင်းကောင်း ထင်ပါရဲ့ ပြုံးလိုက် ရယ်လိုက်နဲ့ ပြောနေကြတာ.......
ခဏကြာတော့ သားအမေ ဖုန်းချပြီး
``ရှင့်သား မနက်ဖြန် ပြန်လာမယ်´´တဲ့
ကျုပ်ကိုပြောပြီး မီးဖိုခန်းထဲ ပြန်ဝင်သွားတယ် .....
အော် သားလေး အရေးကြီးတဲ့စကားဆိုတာ ပြန်လာမယ် ပြောတာကိုး ဖေဖေ နေကောင်းလား အလုပ်အဆင်ပြေလား မမေးနိုင် သားလေးနဲ့စကားတွေ အများကြီး ပြောချင်တာတောင် မေမေ့ကိုခေါ်ပေးပါဆိုလို့ ``အော် အင်းအင်း ´´နဲ့ပဲ ကျေနပ်ခဲ့ရတာ ကျုပ်လည်း သူ့အဖေတစ်ယောက်ပါဗျာ.......

သားလေး ပြန်လာပါပြီ.....
၁နှစ်ကျော်လောက် ကျုပ်တို့နဲ့ခွဲပြီး အလုပ်သွားလုပ်နေတဲ့သားလေး ပြန်လာပြီ.....
ကျုပ်နဲ့သားအမေလည်း ခြံဝရောက်နေတဲ့သားလေးဆီကို ပြေးပြီး သွားနေမိတယ်.......
သားလေးလည်း ကျုပ်တို့ကို မြင်တော့ ပြေးလာတယ်......
ပြီးတော့ သူ့အမေကို ဖက်လိုက်တယ် သူ့အမေပါးပြင်တစ်ခုလုံးကို သားလေး နမ်းပစ်တယ် သူ့အမေကလည်း သားလေးကို နမ်းပြီး လွမ်းတဲ့အကြောင်း တစ်ခါမှ အခုလိုအကြာကြီး မခွဲဘူးတော့ အိမ်က အထီးကျန်သွားတဲ့အကြောင်း သားအမိနှစ်ယောက် ပြောနေလိုက်ကြတာဗျာ....
ကျုပ်မှာတော့ လက်နှစ်ဖက်ကို ရှေ့မှာဆန့်ဆန့်ကြီးထားပြီး သားလေးကို ဖက်ဖို့ကြည့်နေရတာ.......
ခဏကြာတော့ သူ့အမေနဲ့သားလေး စကားတွေပြောရင်းနဲ့ အိမ်ထဲကို ဝင်သွားကြတယ်.......
ကျုပ်ကတော့ ဒီအတိုင်းပဲ ကြည့်နေပြီး နောက်က လိုက်သွားရတာ......
ကျုပ်လည်း သူ့အဖေတစ်ယောက်ပါဗျာ......

``ရော့ မေမေ ဒါက မေမေ့အတွက်အားဆေး ဒါက အမူးပြေဆေး ဒါကတော့ မေမေ့အတွက် အင်္ကျီ မေမေကြိုက်တဲ့ပန်းသီးတွေလည်း သား ဝယ်ခဲ့တယ် သိလား အရးမ်လွမ်းတယ် မေမေရာ ဖေဖေအတွက်တော့ သား မဝယ်တတ်လို့ မပါခဲ့ဘူး ဖေဖေ သားကို စိတ်မဆိုးနဲ့နော် နောက်တစ်ခါ ပြန်လာရင် ဖေဖေ့အတွက် အများကြိး ဝယ်ခဲ့ပါ့မယ်ဗျ´´
သားလေးက သူ့အမေကို ပြောနေတာဗျာ ကျုပ်ကိုတော့ ဖေဖေ့ကို လွမ်းတယ် လို့ ဘာလို့ မပြောပါလိမ့် ဖေဖေ့အတွက်က နောက်တစ်ခါမှ တဲ့.......
ကျုပ် အများကြီး မလိုချင်ပါဘူး ကျုပ်ဘေးနားလာပြီး ဖေဖေ ဖေဖေနဲ့ သားလေးပြောတာလေးတစ်ခုပါပဲ......
ကျုပ်လည်း သူ့အဖေတစ်ယောက်ပါဗျာ.. ......

ကျုပ်လည်း သူ့အဖေတစ်ယောက်ပါဗျာ ကျုပ် ရင်နဲ့လွယ်ပြီး မမွေးခဲ့ရပေမဲ့ ကျုပ်သွေးတွေနဲ့မွေးလာခဲ့တာပါ.........
သားလေးအတွက် နို့ချိုတွေ မတိုက်ကျွေးနိုင်ပေမဲ့ ပုခုံးပေါ်တင်ပြီးတော့ ယုယမှု့တွေ ပေးနိုင်ပါတယ်.......
ငယ်ငယ်ကတည်းက ကျုပ်ရင်ခွင်ကချွေးနံရလို့ဆိုပြီး တစ်ခါမှ မဖက်ခဲ့ပါဘူး....
ကျုပ်ထွက်တဲ့ချွေးက သားလေးအတွက် ထွက်တာပါ သားလေးရယ် ဖေဖေ့ချွေးနံ့က မေမေ့နို့နံ့လောက်တော့ ဘယ်ရနံကောင်းမလဲ သားရယ်..........
သားလေးကို အင်္ကျီလဲမပေးနိုင်ခဲ့ပေမဲ့ အင်္ကျီဝယ်နိုင်အောင် ဖေဖေ လုပ်ပေးနိုင်ခဲ့ပါတယ်........
သားလေးကို ထမင်းခွံ့မကျွေးနိုင်ခဲ့ပေမဲ့ ထမင်းစားလို့ရအောင် ဖေဖေ လုပ်ပေးနိုင်ခဲ့ပါတယ် သားရယ်..........
ငယ်ငယ်က
သားလေး ညညမအိပ်ရင် သီချင်းဆိုပြီး ဖေဖေချော့မသိပ်တတ်ပါဘူး ဒါပေမဲ့ သားလေး မအိပ်မချင်း ဖေဖေလည်း မအိပ်ခဲ့ပါဘူး သားလေးရယ်......
သားလေးကြိုက်တဲ့မုန့်တွေကို ဖေဖေခွံ့မကျွေးနိုင်ခဲ့ပေမဲ့ မုန့်တွေ အများကြိးစားနိုင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်.. .......
သားလေးကို ကျောင်းသွားကျောင်းပြန် လိုက်မပို့နိုင်ခဲ့ပေမဲ့ သားလေး ကျောင်းတက်နိုင်အောင် ဖေဖေ ကြိုးစားခဲ့တာပါ........
ဖေဖေ အလုပ်လုပ်တာ သားလေးအတွက်ပါ....
ဖေဖေ ပိုက်ဆံတွေအများကြီး ရှာနေတာ သားလေးအနာဂတ်အတွက်ပါ..သားရယ်......

အမေနဲ့အဖေဆိုရင် အမေ့ကိုပဲ ခင်တတ်ကြတယ် အမေ့ကိုပဲ ချွဲတတ်ကြတယ် အမေကိုပဲ ချစ်ကြတယ် အဖေဆိုတာကို ချစ်ရမှန်း မသိကြဘူး အဖေ့အတွက်ဆိုပြီး ဝယ်ပေးခဲ့တာ မရှိခဲ့ဘူး..........
ထမင်းခွံ့ကျွေးခဲ့တဲ့မေမေကိုပဲ ချစ်ကြတယ် ထမင်းစားနိုင်အောင် အလုပ်လုပ်နေတဲ့ ဖေဖေကို မချစ်ခဲ့ကြဘူး..........
အမေကိုပဲ စကားတွေ အများကြီး ပြောတယ် အဖေနဲ့ သိပ်ပီး မပြောဖြစ်ကြဘူး.........
ဘာပဲဖြစ်ဖြစ်ပေါ့ အဖေဆိုတာလည်း ကျနော်တို့လို သားသမီးတွေအတွက် အနန္တဂိုဏ်းဝင်တစ်ပါးပါပဲ.........
မိဘတွေကို ချစ်တယ် ချစ်တယ် နဲ့ တကယ်တော့ အမေကိုပဲ ချစ်ကြတာပါ အဖေကို မချစ်ကြပါဘူး ............
အဖေတွေမှာလည်း ကိုယ့်သားသမီးတွေဆီက ချစ်တာ ချွဲတာ လိုချင်ကြတာပေါ့.....
အလုပ်က ပြန်လာတဲ့အချိန် မိန်းမတိုက်တဲ့ရေတစ်ခွက်ထက် သားသမီးတိုက်တဲ့ရေက ပိုပြီး အမောပြေမယ် ထင်ပါတယ်..........
အမေနဲ့အဖေကို တန်းတူချစ်နိုင်ကြပါစေ..... 
အဖေကို အမေလိုပဲ ချစ်နိုင်ကြပါစေ.......
အမေ့ကျေးဇူးသိသလို အဖေ့ကျေးဇူးလည်း ဆပ်နိုင်ကြပါစေ........

                                    #nkp


No comments:

Post a Comment